ဘေးမှာ လူကောင်းတွေရှိတယ်။
တကယ်လည်း စိတ်ချရတယ်။
ဒါပေမဲ့ စိတ်ထဲမှာ ”အဲလောက်ကောင်းနေတာ မဟုတ်သေးပါဘူး” လို့ ခံစားမိတဲ့အချိန်ရှိလား။
Carl Rogers ရဲ့ Unconditional Positive Regard သဘောတရားမှာ လူတစ်ယောက်ဟာ အကန့်အသတ်မရှိ လက်ခံမှုကို ရရှိဖို့ လိုအပ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ပြဿနာက တစ်ဖက်လူက အကန့်အသတ်မရှိ ပေးနေပေမဲ့၊ ကိုယ့်ဘက်က အကန့်အသတ်တွေနဲ့ ပိတ်ထားတဲ့အခါ အဲ့ဒီလုံခြုံမှုဟာ ကိုယ့်ဆီ မရောက်တော့ဘူး။
ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်မှု + တစ်ဖက်လူရဲ့ နွေးထွေးမှု = လုံခြုံခြင်း
ဆု သတိထားမိတဲ့ အချက် ၃ ချက် ရှိတယ်။
၁။ Self-Concept နဲ့ အပြင်လောက မကိုက်ညီခြင်း
ကိုယ့်ကိုယ်ကိုယ် “တန်ဖိုးမရှိဘူး” လို့ အတွင်းစိတ်မှာ သတ်မှတ်ထားရင်၊ တစ်ဖက်လူက လာတန်ဖိုးထားတဲ့အခါ အဲ့ဒါကို လုံခြုံမှုလို့ မမြင်ဘဲ “မှားနေတယ်” ဒါမှမဟုတ် “ညာနေတယ်” လို့ ထင်မိတတ်တယ်။
ဥပမာ – စိတ်ရင်းနဲ့ ချီးကျူးခံရတဲ့အခါ ဝမ်းသာမယ့်အစား တစ်ဖက်လူမှာ အကြံအစည်ရှိမလားလို့ သံသယဝင်မိတာမျိုး။
၂။ နွေးထွေးမှုကို Threat (ခြိမ်းခြောက်မှု) လို့ ထင်မြင်ခြင်း
မလုံခြုံမှုထဲမှာပဲ နေသားကျနေသူအတွက် နွေးထွေးမှုဟာ စိမ်းသက်နေတယ်။ အဲ့ဒီအခါ စိတ်က ဒါကို အန္တရာယ်တစ်ခုလို တုံ့ပြန်ပြီး တွန်းထုတ်ဖို့ ကြိုးစားတယ်။
ဥပမာ – တစ်ယောက်ယောက်က အလေးအနက်ထား ဂရုစိုက်လာရင် အကြောင်းပြချက်မရှိဘဲ နေရခက်ပြီး ဝေးဝေးရှောင်ချင်လာတာမျိုး။
၃။ Defensive Mechanism များ အလုပ်လုပ်ခြင်း
လုံခြုံမှုကို လက်ခံရမှာ ကြောက်တဲ့အတွက် ကိုယ့်ဘက်က အရင် ရန်လိုမိတာ၊ ဒါမှမဟုတ် အဆက်အသွယ် ဖြတ်လိုက်တာမျိုး လုပ်မိတတ်တယ်။ ဒါဟာ လုံခြုံမှုကို မကိုင်တွယ်နိုင်တဲ့ စိတ်ရဲ့ ခုခံမှုတစ်ခုပဲ။
ဥပမာ – အေးချမ်းနေတဲ့ ဆက်ဆံရေးတစ်ခုကို အသေးအဖွဲကိစ္စနဲ့ ပြဿနာရှာပြီး ဖျက်ဆီးမိတာမျိုး။
လုံခြုံတဲ့လူ ရှိဖို့ထက် ကိုယ်တိုင် လုံခြုံမှုကို လက်ခံနိုင်ဖို့က အရင်လိုတယ်။
အတွင်းစိတ်မှာ Capacity မရှိရင် ဘယ်သူနဲ့မှ အဆင်မပြေနိုင်ဘူး။
Security ဆိုတာ အပေးအယူ မဟုတ်ဘဲ ကိုယ့်ရဲ့ ခံယူနိုင်စွမ်း ဖြစ်တယ်။
တကယ်တော့ လုံခြုံတဲ့လူတွေကို ရှာနေတာဟာ ကိုယ့်အတွင်းစိတ်ထဲက လုံခြုံမှုကို ရှာမတွေ့သေးလို့ပဲ။ ဆုအတွက်တော့… လုံခြုံတဲ့လူ ရှာနေတာထက်၊ လုံခြုံမှုကို လက်ခံနိုင်တဲ့ Capacity ရှိတဲ့ကိုယ် ဖြစ်လာဖို့က ပိုအရေးကြီးတယ်။ အဲ့ဒါမှသာ လက်ခံနိုင်စွမ်းမရှိတဲ့ လုံခြုံမှုတွေကြားမှာ လမ်းပျောက်မနေတော့မှာ။