Skip to main content

Su Phone Mo

ထိုအဆင့်ကို ရောက်ပြန်တော့လည်း အရင်ခံစားချက်က အရှိအတိုင်းပဲ။
ကြိုးစားနေတယ်၊ တိုးတက်နေတယ်။
ဒါပေမယ့် ဘယ်ဘက်ကို ဦးတည်ပြီး တိုးတက်နေတာလဲဆိုတာ ဝေဝါးနေတတ်ကြတယ်။

ဘဝက ကြည့်ရတာတော့ အဆင်ပြေနေသယောင် ရှိပေမယ့်
အတွင်းစိတ်မှာတော့ တစ်ခုခု လွဲချော်နေသလို ခံစားရတာမျိုးပါ။

ဒါဟာ motivation ပြဿနာမဟုတ်သလို
discipline ပြဿနာလည်း မဟုတ်ဘူး။
လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကိုယ်တိုင်က သူများဆီက ငှားယူထားတာ ဖြစ်နေတတ်လို့ပဲ။

လိုချင်စိတ်ဆိုတာ မူလကတည်းက ကိုယ်ပိုင်မဟုတ်ဘူး
Philosopher René Girard က တစ်ခုပြောခဲ့တယ်။
လူတွေဟာ သူတို့ အမှန်တကယ်
အလိုရှိတာကို ကိုယ်တိုင်ရွေးချယ်လေ့မရှိကြဘူး။
အခြားသူတစ်ယောက် လိုချင်တောင့်တတာကို မြင်တွေ့ရတဲ့အခါ မိမိမှာလည်း ထိုအရာကို လိုချင်စိတ် ကူးစက်လာတတ်ကြတယ်။
သူက ဒါကို mimetic desire လို့ ခေါ်တယ်။

Role Model တစ်ယောက်ကို မြင်တယ်၊ သူ့ဘဝကို မြင်တယ်။
အဲဒီဘဝဟာ ကောင်းမွန်တယ်လို့ ယူဆလိုက်တာနဲ့ ကိုယ့်ရဲ့ဦးတည်ချက်ကလည်း ထိုဘက်ကို လှည့်သွားတော့တာပဲ။
ဒါဟာ အားနည်းချက်တစ်ခု မဟုတ်ဘဲ
လူသားတိုင်းရဲ့ default setting သာ ဖြစ်တယ်။

ပြဿနာကတော့ —
ဒီ default setting ကို တစ်ကြိမ်တစ်ခါမျှ မစစ်ဆေးဘဲ ဘဝတစ်ခုလုံးကို တည်ဆောက်မိသွားတာပဲ။

၁။ ဒီလိုချင်မှု ဟာ ဘယ်တုန်းက စတင်ခဲ့တာလဲ
အချို့သော goals တွေကို ပြန်ကြည့်ရင် —
မူလကတည်းက ကိုယ်တိုင် အလိုရှိခဲ့တာ မဟုတ်ဘူးဆိုတာ တွေ့ရတတ်တယ်။
မိဘတွေရဲ့ အသိအမှတ်ပြုမှုကို လိုချင်လို့ ရွေးချယ်ခဲ့တဲ့ career။
ပတ်ဝန်းကျင်နဲ့ သူငယ်ချင်းတွေကြားမှာ နောက်ကျမကျန်ခဲ့ချင်လို့ ရယူခဲ့တဲ့ milestone။
လူတွေ ချီးမွမ်းကြတာကို မြင်လို့ လိုက်ပါခဲ့တဲ့ လမ်းကြောင်း။
Want ရဲ့ မြစ်ဖျားခံရာကို ပြန်လည်ခြေရာခံကြည့်ရင် —
အရာတော်တော်များများဟာ ကိုယ့်အတွင်းစိတ်က ထွက်ပေါ်လာခဲ့တာ မဟုတ်ဘူး။

၂။ မျက်နှာပြင်နဲ့ အတွင်းပိုင်း
ဘဝတစ်ခုဟာ အပြင်ပန်းမှာ မှန်ကန်နေနိုင်ပေမယ့်
အတွင်းပိုင်းမှာတော့ တစ်ခုခု off နေနိုင်တယ်။
Resume က သပ်ရပ်တယ်၊ LinkedIn က ကြည့်ကောင်းတယ်။
ဒါပေမယ့် တနင်္လာနေ့မနက်တိုင်း နိုးထလာတဲ့ ခံစားချက်ကတော့ —
တိကျတဲ့ ရည်ရွယ်ချက်မရှိဘဲ လည်ပတ်နေရသလိုပဲ။

၃။ လွဲမှားတဲ့ဘက်ကို အရှိန်အဟုန်နဲ့ သွားနေမိခြင်း
Progress ရှိနေခြင်းက လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ အာမမခံနိုင်ဘူး။
ဘဝမှာ အရှိန်ရနေတယ်၊ အရာရာ ဖြစ်ထွန်းနေတယ်၊ ဆုပ်ကိုင်ပြစရာတွေလည်း ရှိတယ်။
ဒါပေမယ့် ဆိုက်ရောက်ချင်တဲ့ ပန်းတိုင်က ကိုယ်တိုင်ရွေးချယ်ခဲ့တာ မဟုတ်ဘူးဆိုရင်တော့ —
မြန်လေလေ — ပိုပြီး လွဲချော်လေလေပဲ။

၄။ Design ဆွဲတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ
ကိုယ်ပိုင် design ဆွဲတယ်ဆိုတာ —
လူတိုင်းက ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ ဘဝကို အတင်းအဓမ္မ ငြင်းပယ်ဖို့ မဟုတ်ဘူး။
ခဏတာ ရပ်တန့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ပဲ —
“ဒါဟာ တကယ် လိုချင်တာလား — ဒါမှမဟုတ် လိုချင်သင့်တယ်လို့ အထင်ရောက်နေတာလား?”

အဲဒီမေးခွန်းကပဲ —
mimetic ဘဝနဲ့ chosen ဘဝကို ပိုင်းခြားပေးသွားတာ။

ဘဝကို ပြင်ပပတ်ဝန်းကျင်ကနေ design ဆွဲပေးလို့ မရဘူး။
အထဲကနေပဲ မေးခွန်းထုတ်ပြီး ပုံဖော်ယူရတာ။

Most people don’t design their life. They inherit a desire from others and build toward it without noticing. The misalignment isn’t dramatic — it’s quiet, persistent, and invisible until you stop to ask whose life you’re actually building.

SuPhoneMo #CURI

Leave a Reply